စစ်တွေ ရှိစစ်ကောင်စီစခန်းများကို AA ထိုးစစ်ဆင်တိုက်ခိုက်

စစ်တွေ ရှိစစ်ကောင်စီ

စစ်တွေ ရှိစစ်ကောင်စီစခန်းများကို AA ထိုးစစ်ဆင်တိုက်ခိုက်

ရခိုင်ပြည်နယ်၊ မြို့တော် စစ်တွေ ရှိ စစ်ကောင်စီ၏ အမြင့်ကျွန်းတွင်ရှိသည့် တပ်စခန်းကို Arakan Army က ထိုးစစ် ဆင် တိုက်ခိုက်နေကြောင်း သိရသည်။

စစ်တွေရှိ အမြင့်ကျွန်း၊ ကျားမသောက်၊ ပါဒလိတ်နှင့် ရေချမ်းပြင်တို့ရှိ စစ်ကောင်စီစခန်းများကို ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၁ ရက်နေ့ ည ၉ နာရီမှ ယမန်နေ့ ဖေဖော်ဝါရီ ၁၂ ရက်နေ့အထိ AA က လက်နက် ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီကလည်း ပေါက်တော၊ ပုဏ္ဏားကျွန်းနှင့် ရသေ့တောင်ဘက်များသို့ လက်နက်ကြီးများအပြင် ဒရုန်းဗုံးများပါ ကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

” လက်နက်ကြီးတွေနဲ့ AA ကအပြင်းအထန် တိုက်ခိုက်နေတာ။ မြို့ထဲမှာလည်း စစ်ရှောင်လိုသူတွေများ ပေမယ့် စစ်တပ်က လမ်းတွေအကုန်ပိတ်ထားတယ်။ လက်နက်သံတွေ ဒီတိုင်းပဲ နားထောင်နေ ရပါတယ်”ဟု စစ်တွေဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၇ ရက်နေ့မှ ၉ ရက်နေ့အထိ စစ်တွေရှိ စစ်ကောင်စီ၏ ရွှေမင်းဂံရေတပ်၊ ပွိုင့်ကမ်း ခြေအနီး ရေတပ်၊ အမှတ် ၁၂ ရဲတပ်ရင်းစသည့်နေရာ များကို AA က လက်နက်ကြီးများဖြင့် တပြိုင်နက်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိုသို့တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီက စစ်တွေ မြို့အတွင်း လုံခြုံရေးအပြည့်ယူထားသည့်အပြင် တိုက်ခိုက်ရေး သင်္ဘောလေးစီးဖြင့်ပါ အင်အားဖြည့် တင်းထားကြောင်း သိရသည်။

စစ်ကောင်စီက ရန်ကုန်ရှိ ရေတပ်သင်္ဘောနှစ်စီးနှင့် ကျောက်ဖြူမြို့ ဓညဝတီရေတပ်စခန်းမှ သင်္ဘောနှစ် စီး စုစုပေါင်း တိုက်ခိုက်ရေးသင်္ဘောလေးစီးအပြင် ရေယာဉ်ငယ် ဒါဇင်ကျော်ဖြင့် စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

စစ်ကောင်စီ၏ နှင်ထုတ်မှုကြောင့် စစ်တွေမြို့အနီးက ဗျိုင်းဖြူကျေးရွာအပါအဝင် ကျေးရွာပေါင်း ၂၀ ကျော်က ဒေသခံပြည်သူ တစ်သောင်းခန့်မှာ စစ်တွေမြို့အတွင်း ဘုန်းတော်ကြီးကျောင်း ၅၃ ခုတွင် ခိုလှုံနေထိုင်နေကြရသည်။

၂၀၂၄ ခုနှစ် မတ်လကတည်းကစ၍ နေထိုင်ကြခြင်းဖြစ်ပြီး ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ WFP က ထောက်ပံ့မှု မရသည်မှာ နှစ်လခန့် ကြာမြင့်လာပြီဟု စစ်ဘေးရှောင် ၁၂၀ ကျော်ရှိသော ဘုန်းတော်ကြီးကျောင်းမှာ ကျောင်းထိုင်ဆရာတစ်ပါးက ပြောသည်။

“ဦးဇင်းတို့ကျောင်းမှာ စစ်ရှောင် ၁၂၀ ကျော်ရှိပါတယ်။ စစ်တွေမြို့ အနယ်နယ်အရပ်ရပ်ကပေါ့။ ဗျိုင်းဖြူရွာသားတွေလည်း ပါပါတယ်။ WFP က ထောက်ပံ့မှုမရတာ နှစ်လ ရှိပါပြီ။ တစ်ရက်မှာ ဆန်က တစ်အိတ်ခွဲလောက် ၆ တောင်းလောက် ကုန်ပါတယ်။ ဘုန်းကြီးတို့ သုံးလေးပါး ပေါင်းပြီး ကျွေးထားပါတယ်။ ရေရှည်မှာ ထမင်းငတ်နိုင်ပါတယ်။ အခုတော့ နည်းနည်း တောင့်ခံထားကြတယ်။ ဘာအကူအညီမှ မရရင် မလွယ်ဘူး” ဟု ပြောသည်။

မြန်မာနိုင်ငံ ကြက်ခြေနီအသင်း MRCS က လူတစ်ဦးကို ဆန်တစ်တောင်း၊ ပဲ ပိဿာခွဲ၊ ဆား တစ်ပိဿာ၊ ဆီတစ်ပုလင်း ထောက်ပံ့ပေးထား၍ ရက်ပိုင်းအတွင်း လုံလောက်နေသေးကြောင်း ဘုန်းတော်ကြီးများက ဆိုသည်။
“နောက်လမှာ ဘာအထောက်အပံ့မှ မရရင် ဒီ ဘုန်းကြီးကျောင်း ၅၀ ကျော်က စစ်ရှောင်ပြည်သူတွေဟာ ထမင်းငတ်ကိန်းရှိပါတယ်။ လူပေါင်း ၄၀၀ လောက်ရှိတဲ့ ဘုန်းကြီးကျောင်းတွေလည်းရှိတယ်။ သူတို့ရဲ့ စားရေးသောက်ရေး ပြဿနာကို ဖြေရှင်းဖို့ အကူအညီတွေ လိုအပ်ပါတယ်။ အရင်က နိုင်ငံခြားမှာရှိတဲ့ လူငယ်တွေက ထောက်ပံ့ကြပေမဲ့ အခုက ဖုန်းလိုင်း၊ အင်တာနက် မရတော့ ဘာအထောက်အပံ့မှ မရရှိကြတော့ဘူး” ဟု နောက်ထပ် ဘုန်းတော်ကြီးတစ်ပါးက ပြောသည်။
အဆိုပါ စစ်ရှောင်ပြည်သူများမှာ ပါဒလိတ်၊ ကြွီတဲ၊ ကျောက်တန်းကြီး၊ ကျောက်တန်းချေ၊ ဗျိုင်းဖြူရွာ၊ ရွှေပြည်သာ၊ ကျေးတော စသည့် ကျေးရွာများက အဓိကပါဝင်ကြပြီး ဗျိုင်းဖြူရွာက လူဦးရေ ၄၀၀၀ ကျော်ဖြင့် အများစု ပါဝင်ကြောင်း သိရသည်။
၎င်းတို့အားကို စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ကျေးရွာအတွင်း တပ်စွဲနေထိုင်နိုင်ရန် ကျေးရွာသားများအား နှင်ထုတ်ကာ စစ်တွေမြို့ထဲသို့ ရွှေ့ပြောင်းထားခြင်းဖြစ်သည်။
“စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ရွာတွေကို နှင်ထုတ်တယ်။ နေဖို့ထိုင်ဖို့နဲ့ စားဖို့သောက်ဖို့လည်း ထောက်ပံ့တာမဟုတ်ဘူး။ ကျနော်တို့ရွာတွေမှာ တပ်စွဲထားတယ်။ အခု ကျနော်တို့ တော်တော်လေးကို ဒုက္ခရောက်နေရပါတယ်” ဟု စစ်ဘေးရှောင်ပြည်သူတစ်ဦးက ပြောသည်။
လက်ရှိတွင် စစ်တွေမြို့အနီး တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားလာနေ၍ မြို့ထဲက စစ်ရှောင်ပြည်သူများအပါအဝင် အရပ်သားပြည်သူများမှာ စိုးရိမ််လျှက်ရှိနေကြပြီး နောက်ထပ် စစ်ရှောင်ရန် နေရာမရှိတော့ကြောင်း ပြောဆိုကြသည်။

Source: Ayeyarwaddy Times

Post Comment