ကမ်းပါးနီ တံတားစစ်ကောင်စီတပ်စခန်းကို ဒေသတော်လှန်ရေးတပ်ဖွဲ့က သိမ်းပိုက်

KannParr Ni Bridge

ကမ်းပါးနီ တံတားစစ်ကောင်စီတပ်စခန်းကို ဒေသတော်လှန်ရေးတပ်ဖွဲ့က သိမ်းပိုက်

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်း ကလေး – ဂန့်ဂေါကားလမ်းပေါ်က ကမ်းပါးနီ တံတားအနီးက စစ်ကောင်စီ တပ်စခန်းကို ဒေသတော်လှန်ရေးအဖွဲ့က ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှာ သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်ကအများအပြားသေဆုံးခဲ့ကာ၊လက်နက် အမြောက်များလည်း သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီလ ၁၁ ရက်နေ့မှ စတင်၍ ကလေးမြို့နယ်တောင်ပိုင်း၊ မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်အစပ်၊ မဏိပူရ မြစ်ကူးတံတားတွင် အင်အား ၇၀ ခန့်ဖြင့် အခိုင်အမာ တည်ဆောက်ထားသည့် အကြမ်း ဖက်စစ်သား၊ ပျူစောထီးခြေကုပ်စခန်းကို CDF KKG နှင့်မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ ယမန်နေ့ ဖေဖော်ဝါရီလ ၁၃ ရက်နေ့က စခန်းကို သိမ်းပိုက်ရရှိခဲ့ကြောင်း၊ ယင်းစခန်း သိမ်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်သား၊ ပျူစောထီးအများအပြား သေဆုံးပြီး လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

“တိုက်ပွဲကမပြီးသေးလို့ အသေးစိတ်တော့ ပြောလို့မရသေးဘူး။ လက်နက်ခဲယမ်းသိမ်းဆည်း ရရှိတာ လည်းရှိတယ်။ သူတို့ဘက်က အကျအဆုံးလည်းများတယ်။ ဒါတွေကတော့ တိုက်ပွဲမပြီးသေးတဲ့ အ တွက်ကြောင့်မို့လို့ အသေးစိတ်မထုတ်ပြန်သေးတာပါ။ အရှင်မိတာတွေလည်းရှိတာပေါ့။ သူတို့က လည်း ဒီစခန်းပြန်ရဖို့ ထိုးစစ်ဆင်နေတာရှိတယ်။ ဒီနေရာ ကသူတို့ပျူစောထီးတွေအင်အားများတဲ့ နေရာဆိုတော့ လက်ကျန် ပျူစောထီးတွေက ထိုးစစ်ဆင်နေတာရှိလို့ တောက်လျှောက်တိုက်ပွဲဖြစ် နေလို့ ပါ။ ပြီးတော့ ကျနော်တို့ဘက်ကလည်း သူတို့နေရာ တွေ အကုန်းလုံးကို တောက်လျှောက် ထိုး စစ်ဆင်နေတာလည်းရှိတယ်။ လေကြောင်းကလည်းတောက်လျှောက်ပဲ ၊ ဒီနေ့လည်း ဒီအချိန်အထိပဲ ၊ အခုကတော့ လောလောဆယ်နားထားတယ်။” ဟု CDF KKG တပ်ဖွဲ့ ဗဟိုသတင်းနှင့်ပြန်ကြားရေး တာဝန်ခံကပြောကြားသည်။

စခန်းသိမ်းပိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က ရဟတ်ယာဉ်ဖြင့်အနီးအနားရှိ ပျူစောထီး ကျေးရွာ များကို စစ်အင်အားများပို့ဆောင်ကာ ယမန်နေ့ ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် တနေကုန်နီးပါးနှင့် ယနေ့ ဖေဖော်ဝါရီလ ၁၄ ရက် နံနက်ပိုင်းတပိုင်းလုံးနီးပါ လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အကြမ်းဖက်စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ကမ်းပါးနီ တံတား၊ ကျော်ရွာ ကျေး ရွာ၊ တင်သား ၊ နတ်ချောင်း ကျေးရွာစသည့် ကျေးရွာပေါင်း ၁၅ ရွာကျော်မှ ပြည်သူ ၅၀၀၀ ကျော် ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရသည်။

ကမ်းပါးနီတံတားအနီးက စစ်ကောင်စီတပ်စခန်းဟာ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ချင်းပြည်နယ်တွေနဲ့ နယ်နိမိတ်ထိစပ်နေသလို တော်လှန်ရေးအင်အားစုတွေရဲ့ စစ်ရေးလှုပ်ရှားမှု အခြေအနေတွေကို စောင့်ကြည့်ဖို့နဲ့ ကုန်စည်စီးဆင်းမှုအတွက် အရေးပါတဲ့ နေရာဖြစ်တာကြောင့် ပြီးခဲ့တဲ့ရက်ပိုင်းက စစ်ကောင်စီက လေကြောင်းနဲ့ အသည်းအသန် ခုခံကာကွယ်ခဲ့ရတဲ့ နေရာလို့လည်း သိရပါတယ်။

Source: Khit Thit Media, ChinWorld

Post Comment