ပုဂ္ဂလိကနဲ့ နိုင်ငံတကာကျောင်းလခတွေ အဆမတန်မြင့်လာတာကြောင့် မိဘတွေ အခက်ကြုံ

Yangon International School

ပုဂ္ဂလိကနဲ့ နိုင်ငံတကာကျောင်းလခတွေ အဆမတန်မြင့်လာတာကြောင့် မိဘတွေ အခက်ကြုံ

ပုဂ္ဂလိကနဲ့ နိုင်ငံတကာကျောင်းတွေမှာ ကျောင်းလခ နှစ်စဉ်တိုးမြှင့်နေပြီး အခုနှစ်မှာလည်း ၅၀ ရာခိုင်နှုန်းအထက် တိုးမြှင့်လိုက်တာကြောင့် အခက်အခဲကြုံနေရတယ်လို့ ကျောင်းသားမိဘတွေက ပြောပါတယ်။

နှစ်စဉ် ကျောင်းလခ အဆမတန်တိုးနေတာကြောင့် ကလေးပညာရေးအတွက် စိတ်သောကဖြစ်နေရတယ်လို့ ရန်ကုန်မြို့က နိုင်ငံတကာကျောင်းတစ်ခုမှာ တက်ရောက်နေတဲ့ ကျောင်းသားတစ်ဦးရဲ့ မိခင်က RFA ကို ပြောပါတယ်။

“ကျောင်းလခက တက်သွားတဲ့ရာခိုင်နှုန်းက ငါးဆယ်ကျော်၊ ခြောက်ဆယ်လောက် ဖြစ်သွားတာပေါ့နော်။ အဲဒီလို ဖြစ်သွားတဲ့အတွက် ကျွန်မတို့ ကလေးတစ်ယောက်ထက်ပိုတဲ့ မိဘတွေအနေနဲ့က ဒါကိုအများကြီး စဉ်းစားစရာ ဖြစ်လာတာပေါ့နော်။ နှစ်တိုင်းနှစ်တိုင်းမှာ ဒီလို ငါးဆယ်ရာခိုင်နှုန်းကြီး တက်နေမယ်ဆိုရင် ရေရှည်မှာ ဘယ်လိုဆက်သွားကြမလဲပေါ့။ ဆက်ပြီးတော့ ဒီကျောင်းမှာ ဆက်ထားနိုင်ပါ့မလား။ ပြီးရင် ကျောင်းပြောင်းခဲ့ရင် သားသမီးတွေ ကိုယ့်ကလေးတွေရဲ့ စိတ်ခံစားချက်တွေ၊ စိတ်ဒဏ်ရာတွေ ဘယ်လိုဖြစ်နေမလဲဆိုတာနဲ့တင် စိတ်တွေ တော်တော် ရှုပ်နေရပါတယ်”

လက်ရှိ နိုင်ငံရေးအခြေအနေတွေကြောင့် အစိုးရစာသင်ကျောင်းတွေမှာ မထားဘဲ နိုင်ငံတကာကျောင်းကို ရွေးခဲ့ရတာဖြစ်လို့ အခုလို ကျောင်းလခတွေ နှစ်စဉ် အဆမတန်တိုးနေရင် သားသမီးတွေကို ကျောင်းမထားနိုင်မှာ စိတ်ပူနေရတယ်လို့ ဆိုပါတယ်။

ရန်ကုန်မြို့က နာမည်အသင့်သင့်ရှိတဲ့ IIP နိုင်ငံတကာကျောင်းရဲ့ Secondary class Year 9 အတန်းကို ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် တစ်နှစ်စာ ကျပ်သိန်းခြောက်ဆယ်ကျော် (၆,၆၀၀,၀၀၀) ရှိခဲ့ရာက လာမဲ့ ၂၀၂၅ -၂၀၂၆ ပညာသင်နှစ်မှာ ကျပ်သိန်းကိုးဆယ်ကျော် (၉,၅၀၀,၀၀၀) အထိ တိုးမြှင့်လိုက်ပါတယ်။

ဒါ့အပြင် အငယ်တန်း Year 1 ကနေ Year 3 အတွက် မနှစ်က မှတ်ပုံတင်ကြေး နှစ်သိန်း၊ စာရွက်စာတမ်းကြေး ခြောက်သိန်းနဲ့ ကျောင်းလခတစ်နှစ်စာ ၄၅ သိန်း ရှိခဲ့ရာကနေ အခုနှစ်အတွက် စာရွက်စာတမ်းကြေး ဆယ်သိန်းဖြစ်သွားပြီး ကျောင်းလခလည်း တစ်လကို ၆၈၀,၀၀၀ နဲ့ တစ်နှစ်စာ ၆၈ သိန်း ဖြစ်သွားတာပါ။

ဒါကြောင့် Year 1 ကနေ Year 3 အတွက် တက်ရောက်မဲ့ ကလေးတစ်ဦးအတွက် တစ်နှစ်စာ သိန်းရှစ်ဆယ်ခန့် ကျသင့်မှာ ဖြစ်ပါတယ်။

အလားတူ ILBC နိုင်ငံတကာကျောင်းရဲ့ Pre – KG အတန်းကို ၂၀၂၃ -၂၀၂၄ ပညာသင်နှစ်အတွက် တစ်လကို ကျပ်လေးသိန်းကနေ ၂၀၂၄ – ၂၀၂၅ ခုနှစ်မှာ ကျပ်ငါးသိန်းအထိ တိုးခဲ့သလို လာမဲ့ ၂၀၂၅ – ၂၀၂၆ ပညာသင်နှစ်မှာ အရင်နှစ်တွေထက် ကျောင်းလခ ပိုတိုးလာဖို့ရှိတယ်လို့ ကျောင်းသားမိဘတွေက ပြောပါတယ်။

ILBC ကျောင်းကတော့ ဒီနေ့အထိ ကျောင်းလခနှုန်းထားတွေ တရားဝင် ထုတ်ပြန်လာတာ မရှိသေးပါဘူး။

ဒါပေမဲ့ Year – 2 (P -1) အတွက် လက်ရှိ တစ်လကို ၇၀၅,၀၀၀ ပေးသွင်းနေရပြီး လာမဲ့နှစ်အတွက် တစ်လကို ဆယ်သိန်းကျော်အထိ တိုးမယ်လို့ ကြားထားကြောင်း အဲဒီကျောင်းမှာ တက်ရောက်နေတဲ့ ကလေးရဲ့ မိဘတစ်ဦးက RFA ကို ပြောပါတယ်။

အာဏာသိမ်းပြီးနောက် အစိုးရကျောင်းတွေမှာ ကျောင်းတက်နှုန်း လျော့ကျလာပြီး ငွေကြေးတတ်နိုင်တဲ့ ကျောင်းသားမိဘတွေက ပုဂ္ဂလိကနဲ့ နိုင်ငံတကာကျောင်းတွေမှာပဲ ကလေးတွေကို အပ်နှံတာ များလာတာပါ။

ရန်ကုန်မြို့က နိုင်ငံတကာကျောင်းတစ်ခုမှာ ကလေးကိုကျောင်းထားတဲ့ မိခင်တစ်ဦးက အခက်အခဲကြားကပဲ အစိုးရကျောင်းမှာ မထားချင်တာကြောင့် လက်ရှိကျောင်းမှာပဲ ဆက်ထားမယ်လို့ RFA ကိုပြောပါတယ်။

“အစိုးရကျောင်းတွေ ဘာတွေကျတော့လည်း ညီမ မပြောင်းချင်ဘူး။ ဒီဟာကို ပြန်ချိန်ရမှာပေါ့။ ပြီးတော့ သူက ကျူရှင်ဖိုးတွေ ဘာတွေလည်း ရှိသေးတော့။ အနည်းဆုံး သူ့အတွက်ချည်းပဲ ကျောင်းလခက သုံးသိန်းလောက် အသားတင်ရှိတယ်။ ဘာလိုတယ်၊ ညာလိုတယ် ဒါမျိုးတွေ မပါသေးဘူး။ ကိုယ်ပဲချွေတာပြီးတော့ ဒီကျောင်းမှာပဲ ဆက်ထားဖို့ စဉ်းစားထားတယ်”

အလားတူ YLDS International School, Forward Education International School, Guru International School အပါအဝင် အခြား ပုဂ္ဂလိကနဲ့ နိုင်ငံတကာကျောင်းတွေ အများစုလည်း လာမဲ့နှစ်အတွက် ကျောင်းလခနှုန်းထားတွေ မြင့်တက်နေတယ်လို့ အဲဒီကျောင်းတွေမှာ သားသမီးကို ကျောင်းထားနေရတဲ့ မိဘတွေက ပြောပါတယ်။

ဒီအပေါ် တုံ့ပြန်မှုရဖို့ အဲဒီ ပုဂ္ဂလိကနဲ့ နိုင်ငံတကာကျောင်းအချို့ကို RFA အနေနဲ့ တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိကြပါဘူး။

ကုန်ကျစရိတ်တွေ များလာတာကြောင့် နှစ်စဉ် ကျောင်းလခ တိုးလာတာဖြစ်ပြီး လာမဲ့နှစ်မှာ အရင်နှစ်တွေထက် ပိုပြီး မြင့်တက်ဖို့ရှိနေတယ်လို့ ရန်ကုန်မြို့က နိုင်ငံတကာကျောင်းတစ်ခုရဲ့ ဝန်ထမ်းတစ်ဦးက RFA ကိုပြောပါတယ်။

“ညီမတို့က နှစ်တိုင်းနှစ်တိုင်း အပြောင်းအလဲလေးတွေ ရှိတယ်။ နောက်နှစ်အတွက်ကို ဘယ်လောက်တိုးမယ်ဆိုတာ အပ်ဒိတ်မသိရသေးပါဘူးရှင်။ နောက်နှစ်မှာတော့လေ Charges လေးက ပိုများမယ်လို့ သတင်းကြားထားတယ်ပေါ့နော်။ ဒါပေမဲ့ သေချာလေးတော့ မသိရသေးဘူး။ ဘယ်လောက်တိုးမယ်ဆိုတာ ညီမတို့လည်း ပြောပြလို့မရလို့လေ”

ဒါကြောင့် စီးပွားရေးအကျပ်အတည်းနဲ့ ကုန်ဈေးနှုန်းမြင့်တက်မှုဒဏ်ကိုပါ ခံစားနေရတဲ့ မိဘအချို့ကတော့ ကျောင်းပြောင်းပြီးထားရမဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်နေရပါတယ်။

အရင်နှစ်တွေကလည်း အခုလို ကျောင်းလခတိုးလိုက်တာကြောင့် ကျောင်းပြောင်းလိုက်ရတဲ့ကလေးတွေဟာ ပတ်ဝန်းကျင်အသစ်မှာ အဆင်ပြေအောင် အချိန်ယူရတာအပြင် စိတ်ပိုင်းဆိုင်ရာပါ ထိခိုက်ခံစားကြရတယ်လို့ မိဘတွေက ပြောပါတယ်။

ပုဂ္ဂလိကနဲ့ နိုင်ငံတကာကျောင်းတွေမှာ ကျောင်းလခပိုတိုးလာတဲ့အပေါ် မေးမြန်းနိုင်ဖို့ စစ်ကောင်စီရဲ့ ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာရေးဦးစီးဌာန ညွှန်ကြားရေးမှူးရုံးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။

၂၀၂၃ ခုနှစ်၊ မေလ ၁၂ ရက်နေ့က အသစ်ပြဋ္ဌာန်းလိုက်တဲ့ ပုဂ္ဂလိက ပညာရေးဥပဒေမှာ ကျောင်းမှတ်ပုံတင်ကြေး သိန်း ၅၀ နဲ့ နှစ်စဉ်ကြေး သိန်း ၆၀ ပေးသွင်းရမယ်လို့ ဖော်ပြထားပြီး စည်းမျဉ်းစည်းကမ်းဖောက်ဖျက်ရင် ထောင်ဒဏ် နှစ်နှစ်နဲ့ ငွေဒဏ်ကျပ်သိန်းငါးရာ ကျခံရမယ်လို့ ဖော်ပြထားပါတယ်။

“နိုင်ငံတော်ရဲ့ ရာခိုင်နှုန်း တော်တော်များများက စစ်ပွဲတွေနဲ့ ကြုံတွေ့နေရတဲ့ အခြေအနေဖြစ်တော့ ပြည်သူတွေ အထူးသဖြင့် ကလေးတွေ၊ လူငယ်တွေ ဘယ်သူမှ စိတ်အေးချမ်းသာစွာ ပညာသင်ကြားနိုင်တဲ့ အခြေအနေ ရှိမနေဘူး”

အာဏာသိမ်းပြီး လေးနှစ်အတွင်း မြန်မာပြည် ပညာရေးစနစ်ဟာ အဆိုးဆုံးဖြစ်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က RFA ကို ပြောပါတယ်။

“နိုင်ငံတော်ရဲ့ ရာခိုင်နှုန်း တော်တော်များများက စစ်ပွဲတွေနဲ့ ကြုံတွေ့နေရတဲ့ အခြေအနေဖြစ်တော့ ပြည်သူတွေ အထူးသဖြင့် ကလေးတွေ၊ လူငယ်တွေ ဘယ်သူမှ စိတ်အေးချမ်းသာစွာ ပညာသင်ကြားနိုင်တဲ့ အခြေအနေ ရှိမနေဘူး။ လေးနှစ်တာ ကာလအတွင်းမှာ ပညာရေးနဲ့ပတ်သက်ရင် တော်တော်လေးကို ပြတ်ကျန်ခဲ့တဲ့ သဘောဆိုတဲ့ အနေအထားမျိုးဖြစ်နေတယ်လို့ ပြောချင်ပါတယ်”

ကျောင်းလခတွေ တိုးမြှင့်လာတာနဲ့ ကလေး‌တွေ ကောင်းကောင်းမွန်မွန် ပညာသင်ကြားခွင့် ဆုံးရှုံးလာတာဟာ အာဏာသိမ်းမှုရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေဖြစ်တယ်လို့ ဆိုပါတယ်။

NUG အနေနဲ့လည်း စိုးမိုးနယ်မြေတွေနဲ့ အွန်လိုင်းကတစ်ဆင့် ပညာသင်ကြားပို့ချရေး အစီအစဉ်တွေကို အကောင်အထည်ဖော်နေပေမဲ့ လက်ရှိအချိန်အထိ ရာနှုန်းပြည့် သင်ကြားပို့ချနိုင်တာ မရှိသေးဘူးလို့ ဦးနေဘုန်းလတ်က ပြောပါတယ်။

Original Post >>> RFA

Post Comment