ပူတာအိုမြို့နယ်တွင် စစ်ရှောင်နေတဲ့ ဒေသခံတွေ အခက်အခဲ ရင်ဆိုင်နေရ
ပူတာအိုမြို့နယ် ဆွမ်ပီယန်ကျေးရွာမှာ စစ်ကောင်စီ တပ်စွဲလိုက်တဲ့နေ့က စတင်ပြီး ဒေသခံတွေ တောတောင်ထဲ ထွက်ပြေးတိမ်းရှောင်နေရတာ ၁၀ လ ပြည့်လာပြီး ခက်ခဲမှုများစွာ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။
ဆွမ်ပီယန် ကျေးရွာမှာ စစ်တပ်ဝင်ရောက်တပ်စွဲထားပြီး ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ စစ်ရေးတင်းမာနေတာကြောင့် ဒေသခံရွာသားတွေ ယခုချိန်ထိ နေရပ်ပြန်ခွင့် မရသေးပဲ တောထဲမှာ မိုးကာတဲတွေနဲ့ စစ်ဘေးရှောင်နေရဆဲ ဖြစ်ပါတယ်။
တောထဲမှာ စစ်ရှောင်နေတာ ကာလကြာမြင့်လာတာနဲ့အမျှ ရင်ထဲခံစားလာရတဲ့ ခံစားချက်ကို ဆွမ်ပီယန် စစ်ဘေးရှောင် အမျိုးသားတစ်ဦးက KNG ကို အခုလို ပြောပါတယ်။
“ကိုယ့်ရဲ့ အိုးအိမ် စည်းစိမ်၊ တိရစ္ဆာန်တွေအားလုံးကို ပစ်ထားခဲ့ပြီး တောထဲမှာ မိုးကာတဲနဲ့ပဲ နေနေရတာ ကာလကြာရှည်လာတော့ စိတ်အားငယ်တာတွေ၊ စိတ်ပူပန်မှုတွေ များစွာခံစားနေကြရပါတယ်။အားလုံးက ရွာကိုပြန်ချင်ကြတယ်၊တောထဲမှာပဲ အကြာကြီးမနေချင်လာတော့ဘူး။ အခုကျနော်တို့ စစ်ရှောင်နေတဲ့ နေရာက ဘာမှလည်း လုပ်ကိုင်စားသောက်လို့မရဘူး”
ဆွမ်ပီယန် (Sumpyi yang) ကျေးရွာ၊ အင်စီးယန်ကျေးရွာ(Ntsiyang) နဲ့ ၀ဒတ်ရွာ (Wadat ) စတဲ့ကျေးရွာ ၃ ခုလောက်က အိမ်ခြေ ၂၀၀ ကျော်၊ လူဦးရေ ၁၄၀၀ ကျော်ဟာ လက်ရှိ ဆွမ်ပရာဘွမ်မြို့အနီး တောတစ်နေရာမှာ မိုးကာတဲတွေနဲ့ စစ်ဘေးရှောင်နေတာဖြစ်ပါတယ်။
၂၀၂၄ ခုနှစ် မေလမှာ စစ်ကောင်စီတပ်ဖွဲ့တွေ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲလာပြီး ရွာသားတွေကို ဖမ်းဆီးချူပ်နှောင်မှု ကျူးလွန်လာတဲ့အတွက် ဒေသခံတွေ ထွက်ပြေးခဲ့ရတာဖြစ်ပါတယ်။
ဆွမ်ပီယန် စစ်ဘေးရှောင်တွေအတွက် ဆေးဝါးနဲ့ အစားအသောက်ရိက္ခာတွေကို ကချင်လွတ်လပ်ရေးအဖွဲ့ KIO က ထောက်ပံ့နေပေမဲ့ စစ်ရှောင်လူဦးရေများပြားတဲ့အတွက်ကြောင့် လုံလောက်မှု မရှိဘူးလို့ စစ်ရှောင်တွေ ပြောပါတယ်။
ဒီစစ်ရှောင်စခန်းမှာ ကိုယ်ဝန်ဆောင်မိခင်တွေအပါအဝင် ကလေးငယ်တွေနဲ့ အမျိုးသမီး လူဦးရေက ပိုမို များပြားတယ်လို့ သိရပါတယ်။
“တောထဲမှာဆိုတော့ ဖျားနာမှုတွေက အရမ်းများပါတယ်။ ဒီမှာ KIO အစိုးရဘက်ကလည်း တတ်နိုင်သလောက် တော့ ဆေးဝန်ထမ်းတွေကို ထားထားပေးတယ်။ ဆေးဝါးအနည်းအကျဉ်းထားထားတယ်။ အဲဒါတွေနဲ့ လုံလောက်မှုတော့မရှိပေမဲ့ ဖြစ်သလို ဖြတ်ကျော်နေပါတယ်။ ကိုယ်ဝန်ဆောင်မိခင်တွေကိုတော့ ကျန်းမာရေးကောင်းတဲ့သူ စစ်ရှောင်စခန်းမှာပဲ မွေးလို့ရတဲ့သူက အဲမှာပဲမွေးပြီး အရေးပေါ် ဆေးရုံ၊ဆေးခန်းသွားရမယ်ဆိုရင်တော့ မြစ်ကြီးနားဆင်းပြီး ဆွေမျိုးတွေအိမ်မှာ ခိုကပ်ပြီး ဆေးကုကြတဲ့သူတွေ ရှိပါတယ်။အစားအသောက်တွေလည်း ရှိသလောက်နဲ့ ဖြစ်သလိုဖြတ်ကျော်နေပါတယ်” လို့ ဆွမ်ပီယန် စစ်ဘေးရှောင် အမျိုးသားက ဆက်ပြောပါတယ်။
လက်ရှိချိန်ထိ ဆွမ်ယီယန်ရွာသားတွေ နေအိမ်ပြန်ခွင့် မရသေးဘဲ စစ်ကောင်စီတပ်ဖွဲ့ဘက်က ဆွမ်ပီယန်ရွာမှာ အထိုင်ချထားဆဲဖြစ်ပြီး ပူတာအိုဘက်ကနေလည်း အင်အားတွေ ဆက်လက်ဖြည့်တင်းနေတာကြောင့် KIA နဲ့ စစ်ရေးတင်းမာနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။
ဒေသခံတွေ စစ်ရှောင်နေတဲ့ ကျေးရွာအတွင်းက ပြည်သူပိုင် နေအိမ်တွေကို စစ်ကောင်စီတပ်သားတွေက ဖောက်ထွင်းပြီး ပစ္စည်းခိုးယူကြသလို ကြက်၊ ဝက်၊ နွား စသဖြင့် အိမ်မွေးတိရစ္ဆာန်တွေကိုလည်း သတ်ဖြတ် စားသောက်လိုက်ကြတယ်လို့လို့ ဆွမ်ပီယန် ရွာခံတွေ ပြောပါတယ်။
၂၀၂၂ ခုနှစ်မှာလည်း ပူတာအိုနဲ့ ဆွမ်ပရာဘွမ်ကြားမှာ တိုက်ပွဲဖြစ်ပွားလာတာကြောင့် လုံရှာယန်၊ ဆွမ်ပီယန်၊ ခင်ဒူယန် စတဲ့ကျေးရွာတွေထဲက ပြည်သူအားလုံး စစ်ဘေးရှောင်ခဲ့ရပေမယ့် တစ်နှစ်ခန့်အကြာ အခြေအနေတည်ငြိမ်လာချိန် နေရပ်ပြန်ခဲ့ကြပါတယ်။
သို့ပေမယ့် ဆွမ်ပရာဘွမ် မြို့သိမ်းတိုက်ပွဲအပြီး စစ်ကောင်စီဘက်က ပူတာအိုဘက်ကနေ ဆွမ်ပီယန်ကျေးရွာအထိ စစ်ကြောင်း ထိုးဝင်လာတာကြောင့် တိုက်ပွဲပြင်းထန်လာမှာကို စိုးရိမ်တဲ့ ဆွမ်ပီယန်ကျေးရွာဒေသခံတွေဟာ ကျေးရွာကို စွန့်လွတ်ပြီး ထွက်ပြေးနေကြတာ ဖြစ်ပါတယ်။
Original Post: Kachin News
Post Comment