မြေရှားသတ္တုဆိုတာဘာလဲ။
မြေရှားသတ္တု (သို့မဟုတ်) မြေရှားဒြပ်စင် ဆိုတာ သဘာဝဒြပ်စင်မဟုတ်ဘဲ လူလုပ်ဒြပ်စင်တမျိုးသာ ဖြစ်ပါတယ်လို့ဆိုရင် စာရှု့သူတို့ အံ့အား သင့်သွားမှာပါ။ တနည်းအားဖြင့် Natural Product မဟုတ်ဘဲ Synthesis Product လို့ ပြောတာပါ။
မြေရှားသတ္တု (သို့မဟုတ်) မြေရှားဒြပ်စင် REE ( Rare Earth Elements ) လို့ခေါ်ပြီး REE ထဲမှာ သတ္တုဒြပ်စင်တွေ (၁၇) မျိုးအထိ ရောနှောပါဝင်နေပါတယ်တဲ့။ သူတို့ဟာ ဒြပ်ပေါင်းအနေနဲ့ တည်ရှိနေတာဖြစ်ပြီး ဓါတုဖွဲ့စည်းပုံအရ တစ်ခုနဲ့တစ်ခု ခွဲခြားထုတ်ယူဖို့ ခက်ပါတယ်။ REE တွေကို ခွဲထုတ်ဖို့ခက်ခဲလို့ ရှားပါးမြေသား (Rare Earth)လို့ ခေါ်ကြတာ ဖြစ်ပါတယ်။
သူက တခြားတွင်းထွက်ဒြပ်စင်တွေလို အစုလိုက်အပုံလိုက် ရှိနေတာမျိုးလည်း မဟုတ်ပြန်ပါဘူး။ ဒါပေမဲ့ ကမ္ဘာမြေမျက်နှာပြင်ရဲ့ အပေါ်ယံအလွှာ (Outer shell) တနည်း (Earth Crust) မှာတော့ မြေသား၊ ကျောက်သားတွေနဲ့ ရောနှောပြီးအများအပြား ပါဝင်နေပါတယ်တဲ့။
မြေရှားသတ္တုကို စတင်တွေ့ရှိတာကတော့ ၁၇၈၀ ခုနှစ်ကတည်းက ဖြစ်ပါတယ်။ ဆွီဒင်နိုင်ငံရဲ့ Ytterby အရပ်မှာ Lieutenant Carl Axel Arrhenius ဆိုသူက တွေ့ရှိခဲ့တာဖြစ်ပြီး တွေ့ရှိတဲ့အရပ်ကိုစွဲလို့ Ytterbite လို့ အမည်ပေးခဲ့ကြပါတယ်။ ၁၈၀၀ ခုနှစ်လောက်မှာ ဂါနိုလီနိုက် (Gadolinite) လို့ ပြောင်းလဲ ခေါ်ဝေါ်ခဲ့ကြပါတယ်။
နောက်ထပ် အနှစ် (၃၀) လောက်အကြာမှာတော့ သတ္တုရိုင်း (Ores) နှစ်မျိုးဖြစ်တဲ့ (Ceria) ဆီရီယာနဲ့ (Yttria) ယက်ထရီယာတို့မှာ ဒီ မြေရှားဒြပ်စင် (REE) တွေ ရောနှောပါဝင်နေတာကို တွေ့ရှိခဲ့ကြပြန်ပါတယ်။ ဒီနေ့ခေတ်မှာတော့ REE တွေကို အပေါ့စား (Light REE)၊ အလတ် စား (Medium REE) နဲ့ အလေးစား (Heavy REE) ဆိုပြီး (၃) မျိုး ခွဲခြားကြပါတယ်။
အာဖဂန်နစ္စတန်နိုင်ငံရဲ့ ဟယ်လမင်းခရိုင်က ခန်နာရှင်းကျေးရွာမှာ မီးတောင်ကထွက်တဲ့ ချော်ရည်ကျောက်တွေမှာ မြေရှားသတ္တုတွေ ပါဝင်တယ်လို့ တချိန်က အာဖဂန်ကို ကျူးကျော်ခဲ့တဲ့ ဆိုဗီယက်တို့က ပြောကြားခဲ့ဖူးပါတယ်။
ဒီသတင်းကြောင့် ယူအက်စ်က USGS (United State Geological Servey) အဖွဲ့ဟာ ၂၀၀၉ ခုနှစ်မှာ သွားရောက်စမ်းသပ်ခဲ့ကြပါတယ်။
သူတို့ဟာစ-စ်တပ် အစောင့်အရှောက် နဲ့ သွားရောက်ခဲ့ရတာဖြစ်ပြီး တွေ့ရှိချက်အရ မြေရှားသတ္တုတွေထွက်ရှိကြောင်း အတည်ပြုနိုင်ခဲ့ပါတယ်။ USGS အဖွဲ့ဟာ ဒီ မီးတောင်ချော်ရည်ကျောက်ထဲက အမေရိကန်ဒေါ်လာ ၇.၄ ဘီလီယံဖိုးလောက်အထိ ထုတ်ယူနိုင်မှာဖြစ်ပြီး (၁၀)နှစ်လောက် ထုတ်ယူနိုင်တယ်လို့ ဆိုပါတယ်။
တရုတ်ကတော့ ကမ္ဘာမှာ မြေရှားသတ္တုအများဆုံး ထုတ်လုပ်သူအဖြစ် နာမည်ခံထားပါတယ်။ အများဆုံးသုံးစွဲသူလည်း ဖြစ်ပါတယ်တဲ့။
အီလက်ထရောနစ်နဲ့ ပါတ်သက်တဲ့ ပစ္စည်းတွေမှာ မြေရှားသတ္တုကို အသုံး ပြု ထုတ်လုပ်တာဖြစ်ပြီး ပြည်တွင်းထုတ်ကုန်အနေနဲ့ရော ပြည်ပပို့ကုန်အနေနဲ့ပါ သူကသုံးပါတယ်။
ဂျပန်နဲ့ အမေရိကန်ကတော့ ဒုတိယနဲ့ တတိယအများဆုံး ထုတ်လုပ်သုံးစွဲသူတွေ ဖြစ်ကြပါတယ်။ တရုပ်အကြောင်းပြောရရင်တော့ တရုတ်ဟာ သူ့ရဲ့ တန်ဖိုးမြင့် ထုတ်ကုန်ပစ္စည်းဈေးကွက်ကို ကာကွယ်ဖို့ REE ကို ကုန်ကြမ်းအဖြစ်ရောင်းချတာ မလုပ်ပါဘူး။
ဒါကြောင့်လည်း REE ကို အိတ်စပို့ကဏ္ဍကို တင်းကြပ်စွာ ကန့်သတ်ထားပါတယ်။ (Import ကတော့ လာထားပေါ့နော်။) တရုတ်ရဲ့ လုပ်ဆောင်ချက်ကြောင့် REE ဈေးကွက်မှာ ဈေးနှုန်းဟာ ခေါင်ခိုက်နေတာ ဖြစ်ပါတယ်။ တဖက်ကကြည့်ရင်လည်း ကမ္ဘာကြီးမှာ REE လိုအပ်ချက်က မြင့်မားလို့နေပါတယ်။
စစ်ရေး၊ကာကွယ်ရေး၊ လေကြောင်း လုပ်ငန်း၊ အီလက်ထရောနစ်လုပ်ငန်းတွေမှာ မြေရှားသတ္တုဟာ မပါမဖြစ် အရေးပါလှပါတယ်။
တရုတ်ဆိုရင် စိုက်ပျိုးရေးမှာ သီးနှံတွေ ကြီးထွားပြီး အထွက်နှုန်းကောင်းအောင် မြေဩဇာအနေနဲ့ သုံးသလို၊ မွေးမြူရေးမှာလည်း ဥကြီးကြီးဥဖို့၊ အသားတိုးဖို့ အစာတွေထဲမှာတောင် ထည့်သွင်းအသုံး ပြု နေကြပါပြီတဲ့။
Post Comment