လားရှိုးမြို့နယ်တွင် UWSA ၊ KIA ၊ TNLA (၃) ပွင့်ဆိုင် နယ်မြေစိုးမိုးမှုပြဿနာ
လားရှိုးမြို့နယ် ပန်ရှော်ကျေးရွာအုပ်စုတွင် FPNCC အဖွဲ့ဝင် မြောက်ပိုင်းမဟာမိတ် များဖြစ်သည့် UWSA ၊ KIA ၊ TNLA တို့အချင်းချင်းကြား နယ်မြေကိစ္စနှင့် ပတ်သက်ပြီး အငြင်းပွားနေကြောင်း စုံစမ်းသိရသည်။
ဖေဖော်ဝါရီ (၁၁) ရက်နေ့တွင် လားရှိုးမြို့နယ် ပန်ရှော်ကျေးရွာတွင် ကချင်လွတ်လပ်ရေးတပ် KIA မှ ရုံးဆောက်လုပ်ရန် စတင်လုပ်ဆောင်နေစဉ် ‘ဝ’တပ်ဖွဲ့ UWSA တပ်သားများ လာရောက်ကန့်ကွက် တားမြစ်ခဲ့ရာမှ ရွာသားနှင့် လူငယ်များက UWSA ကို ဆန္ဒထုတ်ဖော်ခဲ့ကြောင်း ဒေသခံများက ပြောသည်။
“ရွာသားတွေ ထိန်းသိမ်းထားတဲ့ သစ်တောကြိုးဝိုင်းတွေ၊ ရေထွက်နေရာက သစ်ပင်ကြီးတွေကို ‘ဝ’စစ်သားတွေက ခုတ်ပစ်တာမျိုးတွေ ဖြစ်တယ်။ KIA ကလည်း သူ့ရဲ့ တပ်ရင်း ၂ ခုကို ပန်ရှော်မှာ ပြန်အခြေစိုက်ဖို့ လုပ်တယ်။ အဲ့လိုကနေ KIA ရောက်လာရင် ပြဿနာရှိတော့မယ်ဆိုပြီး UWSA ဘက်က တားတာ။ ဒါကြောင့် ကချင်လူငယ်နဲ့ ဒေသခံတွေ ‘ဝ’စစ်သား အလိုမရှိဆိုပြီး ဆန္ဒပြကြတာ”ဟု လားရှိုးဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
ယခုကဲ့သို့ လားရှိုးမြို့နယ်တွင် UWSA ၊ KIA ၊ TNLA (၃) ပွင့်ဆိုင် အချင်းချင်း နယ်မြေစိုးမိုးရေး ပြဿနာနှင့် ပတ်သက်၍ ‘ဝ’ပြင်ပဆက်ဆံရေးတာဝန်ခံ ဦးညီရမ်းထံ သျှမ်းသံတော်ဆင့်မှ ဆက်သွယ်မေးမြန်းခဲ့ရာ အထက်သို့ တင်ပြလိုက်ပါဦးမည်ဟုသာ ပြန်လည်ဖြေကြားထားသည်။
“၁၀၂၇ စစ်ဆင်ရေး” ပထမပိုင်းပြီးနောက် TNLA ထိန်းချုပ်ထားနိုင်သည့် လားရှိုးမြို့နယ် မိုင်းကျက်ဒေသဘက်သို့ ‘ဝ’တပ်ဖွဲ့ UWSA မှ အင်အားအလုံးအရင်းဖြင့် ဝင်ရောက်လာပြီး မိုင်းကျက်ရွာနှင့် ၁၅ မိုင်ခန့် ကွာဝေးသည့် ပန်ရှော်ကျေးရွာအုပ်စုအထိ ‘ဝ’တပ်သားများ ရောက်ရှိလာခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
၎င်းနောက် UWSA ‘ဝ’တပ်သားများမှ ပန်ရှော်ကျေးရွာအုပ်စုရှိ ဒေသခံများ ထိန်းသိမ်းထားသော သစ်တောကြိုးဝိုင်းများနှင့် ရေထွက်ဧရိယာရှိ သစ်ပင်ကြီးများကိုပါ ခုတ်ထွင်ရှင်းလင်း ခဲ့ခြင်းကြောင့် လူငယ်နှင့် ကျောင်းသား/သူများ အပါအဝင် ဒေသခံ (၂၀၀) ကျော်က “ကျေးရွာပိုင် ဟောခန်းများ၊ သာသနာ့နယ်မြေများ၌ လာရောက်စခန်းချ နေထိုင်မှု အလိုမရှိ”၊ “UWSA မှ ကျေးရွာကြိုးဝိုင်း ဖြုန်းတီးမှုကို အလိုမရှိ”၊ “ကျေးရွာအတွင်း ဝါးတားဂိတ် ပြုလုပ်ခြင်းကို အလိုမရှိ” စသည့် ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ UWSA ကို ဆန္ဒပြခဲ့ကြသည်။
“အရင်ကတည်းက KIA ကတော့ နှစ်ဆယ်ချီ နေခဲ့တာ။ အရင် ငြိမ်းချမ်းရေးခေတ်က စစ်တပ်နဲ့ KIA လည်း ပစ်ခတ်ကြတာ မရှိဘူးလေ၊ ဒီအတိုင်းပဲ နေလာတာ။ ၁၀၂၇ စစ်ဆင်ရေး ဖြစ်တော့ မိုင်းကျက်စခန်း ကျပြီဆိုတာနဲ့ ပန်ရှော်က စစ်သားတွေလည်း လားရှိုးဘက် တပ်ဆုတ်သွားတယ်။ ‘ဝ’နဲ့ ပလောင်ကလည်း အဲ့နားမှာ ရှိနေတော့ အတူတူ ရောက်လာတဲ့ပုံစံပဲ”ဟု ၎င်းလားရှိုးဒေသခံ အမျိုးသားက ဆက်ပြောသည်။
အလားတူ ပန်ရှော်ရွာသားများမှ UWSA ကို ဆန္ဒပြနေစဉ် TNLA တပ်သားများလည်း ကားများဖြင့် ရောက်ရှိလာပြီး ဆန္ဒပြပြည်သူများနှင့် အငြင်းပွားမှု ဖြစ်ပွားခဲ့ရာ မဟာမိတ်လက်နက်ကိုင်တပ်ဖွဲ့ အချင်းချင်းကြား နယ်မြေအငြင်းပွားမှုကြောင့် တိုက်ပွဲဖြစ်ပွားမည်ကို စိုးရိမ်ကြောင်း ဒေသခံများက ပြောဆိုသည်။
“အရင်တုန်းက နယ်မြေလုတဲ့အထဲ ‘ဝ’ကို ဒီလိုမတွေ့ဖူးဘူး။ ကချင်နဲ့ ပလောင်၊ ပလောင်နဲ့ ကိုးကန့်၊ ကိုးကန့်နဲ့ ကချင် အဲ့လိုဖြစ်နေတာက အခု ‘ဝ’ပါ ပါလာတဲ့သဘော။ ဒီဟာက တိုင်းရင်းသားတွေအတွက် ရုပ်ဆိုးအကျည်းတန်စေတာပေါ့။ တော်လှန်ရေး အကြောင်းပြပြီး နယ်မြေချဲ့တာလို့ ဒေသခံတွေ မြင်ကြတာမျိုး ဖြစ်သွားတာပေါ့”ဟု လားရှိုးမြို့နယ်မှ စစ်ရေးလေ့လာသူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
လားရှိုးမြို့နယ်အတွင်း ကိုးကန့်တပ်ဖွဲ့ MNDAA သိမ်းပိုက်ထားသည့် မိုင်းယော်ကျေးရွာအုပ်စုနှင့် TNLA ထိန်းချုပ်ခဲ့သည့် မိုင်းကျက်ကျေးရွာအကြားရှိ ပန်ရှောင်ကျေးရွာအုပ်စုတွင် ကချင်လွတ်လပ်ရေးတပ် KIA တပ်မဟာ (၁၀) မှ တပ်ရင်း (၂) ခု အနည်းဆုံး အခြေစိုက်ထားပြီး UWSA မှ တပ်ရင်း (၃) ရင်းနှင့် TNLA တပ်ဖွဲ့ဝင်များလည်း ပတ်ပတ်လည်တွင် တပ်စွဲထားကြောင်း ဒေသခံများထံမှ သိရသည်။
ယမန်နှစ် ၂၀၂၄ ဇွန်လအတွင်းကလည်း လားရှိုးမြို့နယ် ပန်ရှော်ကျေးရွာတွင် ကိုယ်ထူကိုယ်ထ စာသင်ကျောင်း ဖွင့်လှစ်ရန် ကျောင်းကော်မတီနှင့် ရပ်မိရပ်ဖများ အစည်းအဝေး ပြုလုပ်နေချိန် TNLA တပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး ရွာသူကြီးကို ဖမ်းဆီးကာ မိုင်းကျက်ရှိ TNLA တပ်စခန်းသို့ ခေါ်ဆောင်သွားခဲ့ကြောင်း ဒေသခံများက ပြောဆိုသည်။
“လူထုကို ပြောနေကြသလို ဖက်ဒရယ်ရရှိရေး ဒီမိုကရေစီရရှိရေးဆိုတာ တကယ်မဟုတ်တော့ဘူးပေါ့။ ကြည့်ရသလောက် နယ်မြေချဲ့ထွင်ရေးပဲ ဖြစ်လာတယ်။ ‘ဝ’ဆိုရင်လည်း စစ်ပွဲထဲတော့ တိုက်ရိုက်မပါဘူး၊ ဒါပေမယ့် ပလောင်နဲ့ ကိုးကန့် ပြဿနာဖြစ်တဲ့ နေရာတိုင်းကို ကြားထဲက လက်ဝင်လျှိုပြီး လုပ်ယူနေတာမျိုး တွေ့ရတယ်”ဟု ၎င်းစစ်ရေးလေ့လာသူက သုံးသပ်ပြောဆိုသည်။
သျှမ်းပြည်မြောက်ပိုင်းတွင် နယ်မြေအငြင်းပွားမှု ဖြစ်နေသည့်အပေါ် စစ်အင်အား လက်နက်အင်အားဖြင့် နယ်မြေစိုးမိုးမှု ရယူတာ၊ နယ်မြေလုတာက ဒေသနေ ပြည်သူများအကြား ပြဿနာဖြစ်စေခြင်းကြောင့် လက်ရှိအချိန် အတူနေ လက်နက်ကိုင်တပ်များအကြား အချင်းချင်း လေးစားပြီး အဓိက ရန်သူကို အတူလက်တွဲ တိုက်ခိုက်ကြရန် KIO/KIA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက ဖေဖော်ဝါရီ ၅ ရက်နေ့တွင် ကျရောက်သည့် ၆၄ နှစ်မြောက် ကချင်တော်လှန်ရေးနေ့ အထိမ်းအမှတ် မိန့်ခွန်းတွင် ထည့်သွင်းပြောဆိုခဲ့သည်။ (Source: Shan News)
ဖက်ဒရယ်နိုင်ငံရေး ညှိနှိုင်းဆွေးနွေးရေးကော်မတီ (FPNCC) သည် တရုတ်နိုင်ငံ၏ကျောတောက်မှုဖြင့် မြန်မာနိုင်ငံ၏ မြောက်ပိုင်းတွင် တည်ရှိသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဖြင့် ၂၀၁၇ ခုနှစ်တွင် ဖွဲ့စည်းခဲ့သည်။ ဤအဖွဲ့အား ဝပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) မှ ဦးဆောင်သည်။
Federal Political Negotiation and Consultative Committee (FPNCC) အဖွဲ့ဝင်များ:
- ဝပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) – မြန်မာနိုင်ငံရှိ အကြီးမားဆုံး၊ အားအကောင်းဆုံး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့။
- ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) – ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ၏ လက်နက်ကိုင်တပ်ဖွဲ့။
- ရှမ်းပြည် တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော်-မြောက်ပိုင်း (SSPP/SSA-N) – ရှမ်းတိုင်းရင်းသားများ၏ လက်နက်ကိုင်အဖွဲ့။
- မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) – ကိုးကန့်ဒေသတွင် လှုပ်ရှားနေသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့။
- တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) – တအောင်း (ပလောင်) တိုင်းရင်းသားများကိုယ်စားပြုသော လက်နက်ကိုင်အဖွဲ့။
- ရခိုင်တပ်မတော် (AA) – ရခိုင်ပြည်နယ်တွင် လွတ်လပ်မှုအတွက် တိုက်ပွဲဝင်နေသော အဖွဲ့။
- အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (NDAA) – ရှမ်းပြည်နယ် အရှေ့ပိုင်း၊ တရုတ်နယ်စပ်တွင် ထိန်းချုပ်မှုရှိသော တပ်မတော်။
Post Comment