မင်းတပ်မြို့ပေါ်တွင် အုပ်ချုပ်ရေးမှူးများ၏ ထောက်ခံချက်ဖြင့် ဒေသခံများပြန်လည်ဝင်ရောက်နေထိုင်ရန် စတင်ခွင့်ပြု

Mindat Town

မင်းတပ်မြို့ပေါ်တွင် အုပ်ချုပ်ရေးမှူးများ၏ ထောက်ခံချက်ဖြင့် ဒေသခံများပြန်လည်ဝင်ရောက်နေထိုင်ရန် စတင်ခွင့်ပြု

ချင်းပြည်နယ်၊ မင်းတပ်မြို့တွင် ပြန်လည်ဝင်ရောက်နေထိုင်မည့် ဒေသခံပြည်သူများအနေဖြင့် မြို့/တိုက်နယ်အုပ်ချုပ်ရေးမှူး၊ရပ်ကွက်/ကျေး ရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့်ကျေး ရွာအုပ် ချုပ်ရေးမှူးတို့၏ ထောက်ခံချက်ဖြင့် ပြန်လည်ဝင်ရောက်နေထိုင်ခွင့် ပြုမည်ဖြစ်ကြောင်း ယမန်နေ့ ဖေဖော်ဝါ ရီ ၉ ရက်နေ့တွင် မင်းတပ်မြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်သည်။

Mindat Town

မြို့တွင်းသို့ ဝင်ရောက်နေထိုင်မည့် ပြည်သူများအနေဖြင့် ထောက်ခံချက်ကို မိမိတို့ နေထိုင်ရာ ရပ်ကွက်၊ ကျေးရွာများရှိ အုပ်ချုပ်ရေးမှူးများထံ(အခမဲ့) တောင်းယူနိုင်ပြီး မြို့ဝင်ဂိတ်များတွင် အဆိုပါထောက်ခံချက်များကို ပြသနိုင်မှသာလျှင် မြို့တွင်းသို့ ပြန်လည်ဝင်ရောက်ခွင့်ရှိမည် ဖြစ် ကြောင်း သိရသည်။

“ကျွန်တော်တို့အနေနဲ့တော့ ပြည်သူတွေရဲ့ လုံခြုံမှုပေးဖို့ပေါ့နော်။ ခိုက်ရန်ဖြစ်ပွားမှုတွေသော် လည်းကောင်း ဒါမှမဟုတ် နေအိမ်ပျက်စီး၊ ဆုံးရှုံးတာတွေ ပျောက်ဆုံးတာတွေပေါ့နော်။ လေကြောင်းအန္တရာယ်တွေကြောင့် လူစုလူဝေးမပြုလုပ်ဖို့ပေါ့နော်။ အဲ့လိုမျိုးတွေကို လုံခြုံရေးဝန်ဆောင်မှုတွေ ပေးဖို့ပေါ့နော်” ဟု မင်းတပ်မြို့ နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၏ ပြောခွင့်ရ ဆလိုင်းယောမာန်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

တော်လှန်ရေးရန်ပုံငွေ ထည့်ဝင်ခြင်း မရှိသေးသူများကိုလည်း မြို့ဝင်ဂိတ်များတွင် တော်လှန် ရေးရန်ပုံငွေထည့်ဝင်၍ ဖြတ်ပိုင်းဖြင့် မြို့တွင်း ပြန်လည်ဝင်ရောက်ခွင့် ရှိမည်ဖြစ်ပြီး မြို့တွင်းပြန်လည်နေထိုင်မည့်သူများ လိုက်နာရန်စည်း ကမ်းချက်များကိုလည်း ထုတ်ပြန်ထားသည်။

“တဆက်ထဲမှာပဲ ပြည်သူ့ဝန်ဆောင်မှုဆိုတဲ့အရာ ဥပမာ- ရေတွေပေါ့နော်။ စည်ပင်ပိုက်လိုင်းတွေ ပြန်သယ်ပေးတာ၊ ရေတွေ ပြန်လာအောင် လုပ်ပေးတာပေါ့နော်။ အဲ့လိုမျိုးအခက်အခဲတွေတော့ ရှိတယ်။ ရှေ့ဆက်ပြီးမှ ပညာရေး၊ ကျန်းမာရေးဝန်ဆောင်မှုတွေပေါ့နော်။ စည်ပင်နဲ့ ပတ်သက်တဲ့ ပြည်သူ့ဝန်ဆောင်မှုတွေ ကောင်းကောင်းပြန်လုပ်နိုင်ဖို့ပေါ့နော်၊ အဲ့မျိုးတွေ လိုပါလိမ့်မယ်”ဟု ဆလိုင်းယောမာန်က ဆိုသည်။

ထို့ပြင် ပြည်သူများအနေဖြင့် အပတ်စဉ် အင်္ဂါနေ့ နှင့် ကြာ သပတေးနေ့တိုင်း နံနက် ၆ နာရီမှ ညနေ ၆ နာရီအတွင်း မြို့တွင်း၊ မြို့ပြင် ဝင်ထွက်သွား လာခွင့် ရှိမည်ဖြစ်ကြောင်း သိရသည်။

ကုန်စည်သယ်ယူပို့ဆောင်သည့် ကုန်တင်ကားများအနေဖြင့် အင်္ဂါနေ့ နှင့် ကြာသပတေးနေ့များမှအပ ကျန်နေ့ရက်များတွင် နံနက် ၆ နာရီမှ ညနေ ၆ နာရီအတွင်း မြို့ကို ဖြတ် သန်းသွားလာခွင့် ရှိမည်ဖြစ်ပြီး မြို့ကို ဖြတ်သန်းသွားလာမည့် ကုန်စည်သယ်ယူပို့ဆောင်သည့် ကုန်တင်ကား မောင်းသူများလိုက်နာရမည့် စည်းကမ်းချက်များကိုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မင်းတပ်မြို့ကို ယခင် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၉ ရက်နေ့မှ စတင်၍ CDF Mindat၊ ချင်းညီနောင်အဖွဲ့နှင့် မဟာမိတ်ပူးပေါင်းအဖွဲ့များက မြို့သိမ်းတိုက်ပွဲ စတင်ခဲ့ပြီး ဒီဇင်ဘာ ၂၂ ရက်နေ့တွင် မင်းတပ်မြို့ကို အပြီးသတ်သိမ်းပိုက်ထိန်း ချုပ်နိုင်ခဲ့သည်။

https://www.facebook.com/ayeyarwaddytimes

Post Comment