စစ်တွေကို အေအေ ဘယ်လိုခြေလှမ်းပြင်နေလဲ
စစ်ကောင်စီတပ်အင်အားအလုံးအရင်းနဲ့ နေရာယူထားတဲ့ ရခိုင်ပြည်နယ် မြို့တော်စစ်တွေကို အာရက္ခတပ်တော်(အေအေ)က သူသိမ်းထားတဲ့ ရသေ့တောင်နဲ့ ပုဏ္ဏားကျွန်းမြို့နယ်တွေဘက်ကနေ မကြာခဏဆိုသလို လက်နက်ကြီးနဲ့ ပစ်ခတ်မှုတွေ လုပ်နေပါတယ်။
စစ်တွေမြို့ပြင် ရသေ့တောင်မြို့နယ်ရဲ့ တစ်ဖက်ကမ်းမှာရှိတဲ့ စစ်တပ်ရဲ့ ပါဒလိတ်နဲ့ အမြင့်ကျွန်းရွာက အခြေစိုက်စခန်းတွေ၊ နောက် ပုဏ္ဏားကျွန်းမြို့နယ်တစ်ဖက်ကမ်း မြို့နဲ့ကပ်လျက်က ရွှေမင်းဂံရေတပ်တို့ကို ဖေဖော်ဝါရီ ပထမပတ်ထဲမှာ လက်နက်ကြီးနဲ့ပစ်ခတ်မှုတွေ ပြုလုပ်ထားပါတယ်။
အေအေသိမ်းထားတဲ့ အမ်းမြို့၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)ကိုယ်ပွား ခြေမြန်နဲ့ ခြေလျင်တပ်ရင်း ၄ ရင်းကနေ ၈ ရင်းအထိနဲ့ ဖွဲ့စည်းထားတဲ့ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ဒကစ)လည်း စစ်တွေမှာ ရှိနေပါတယ်။
စစ်တပ်က ကြည်းတပ်ရော၊ ရေတပ်နဲ့ပါ အကျအန ခြေကုတ်ယူထားတဲ့စစ်တွေကို အေအေက ဘယ်လိုချဥ်းကပ်နေလဲ။
စစ်တွေ တဝိုက် တိုက်ပွဲတွေ ဘယ်လိုဖြစ်လာလဲ?
စစ်တွေမြို့ဟာ ပထဝီမြေပြင်အနေအထားရ မြစ်ချောင်းအင်းအိုင်တွေက ပတ်ထားသလို ဖြစ်နေတာကြောင့် ကျွန်းစုမြို့တစ်ခုလိုဖြစ်နေပါတယ်။ ဒီအခြေအနေကပဲ အေအေအတွက် တပ်ဖွဲ့အင်အား အလုံးအရင်းနဲ့ ကုန်းကြောင်းကနေ ချီတက်ဖို့ အကန့်အသတ်ဖြစ်စေပါတယ်။
ဒါပေမဲ့ အေအေဟာ ဂွမြို့နယ်ကို သိမ်းပိုက်ပြီးနောက်ပိုင်းမှာ ရသေ့တောင်၊ ပုဏ္ဏားကျွန်းတို့က တဆင့် တဖြည်းဖြည်း စိမ့်ဝင်ပြီး စစ်တွေကို ဝင်ရောက်ဖို့ ကြိုးစားနေကြတယ်လို့ စစ်ရေးအကဲခတ်တွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ နှစ်ကုန်ပိုင်းမှာလည်း အေအေ သိမ်းပိုက်ထားတဲ့ ရသေ့တောင်နဲ့ ပုဏ္ဏားကျွန်းမြို့တွေကို စစ်တွေမြို့နယ်ထဲက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်တာတွေရှိခဲ့ပါတယ်။
စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်ကြားမှာတော့ စစ်ကောင်စီတပ်နဲ့ အေအေတို့ ၂၀၂၅ ဇန်နဝါရီ လဆန်းပိုင်းမှာ တိုက်ပွဲတွေဖြစ်ခဲ့ပါတယ်။
အေအေက စစ်ကောင်စီတပ်ရဲ့ အောင်မြေကုန်းနဲ့ ရဲယိုပြင်စခန်းတွေကိုတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ စစ်ကောင်စီတပ်ဘက်ကလည်း လက်နက်ကြီး/ငယ်အပြင် ရေတပ်ကပါ ကူပစ်ခဲ့တယ်လို့ စစ်ကောင်စီထောက်ခံသူတွေရဲ့ တယ်လီဂရမ်တွေမှာ ရေးသားကြပါတယ်။
ဇန်နဝါရီ ၁၆ ရက်မှာတော့ ပုဏ္ဏားကျွန်းမြို့နယ်ထဲက စပါးထား၊ အောင်ဇေယျ၊ ကန်ချောင်းနဲ့ ကျွဲထိုးရွာတွေကို ဘက်ကို စစ်တပ်က လက်နက်ကြီးနဲ့ပစ်ခတ်တာအပြင် လေကြောင်းတိုက်ခိုက်တာတွေပါ ပြုလုပ်ခဲ့ပါတယ်။
အဲဒီနောက်မှာတော့ အေအေဘက်က စစ်တွေမြို့ကို ဦးတည်တဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေက ပိုစိပ်လာပြီး ဖေဖော်ဝါရီ ၇ ရက်ကနေ ၉ ရက်အထိ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်လာပါတယ်။ စစ်ရေးအကဲခတ်တချို့ကတော့ အေအေ က စစ်တွေကို ထိုးစစ် ခွာစစ်ပုံစံသုံးပြီး ဝင်ဖို့ပြင်နေတာလို့ သုံးသပ်ကြပါတယ်။
စစ်တပ်လက်နက်နဲ့ စစ်တပ်ကို ပြန်တိုက်
စစ်တွေမြို့နယ်ထဲမှာဖြစ်တဲ့ တိုက်ပွဲတွေမှာ အေအေ သုံးနေတဲ့ လက်နက်ကြီးတွေက သူတို့ ဝယ်ယူထားတဲ့ ကိုယ်ပိုင်လက်နက်တွေ မဟုတ်ကြဘူးလို့ မြေပြင်စစ်ရေးရင်းမြစ်က ပြောပါတယ်။
“မြို့သိမ်းတိုက်ပွဲတွေက ရတဲ့ စစ်ကောင်စီ ဆီက ရတဲ့လက်နက်တွေပေါ့။ ဒီလက်နက်ကြီးတွေက ကိုယ်တွေ မဝယ်နိုင်ဘူးလေ။ ဟောင်ဝစ်ဇာ(အမြောက်) တွေနဲ့လည်း ပစ်တယ်။ ၂၄ လုံး တွဲတွေလည်း ပါတယ်။ ဘယ်နေရာကနေ ပစ်နေလဲဆိုတာတော့ ပြောလို့မရဘူး။ မြို့ပြင် တစ်နေရာလို့ပဲ ပြောနိုင်တယ်” လို့ အေအေ စစ်ရေးအရင်းအမြစ်က ပြောပါတယ်။
၁၂၂ မမ အတွဲလိုက်ပစ်တဲ့ ၂၄ လုံးတွဲ ဒုံးတွေဟာ ပိုပြီးတော့လည်း အဝေးရောက်နိုင်သလို ပစ်မှတ်ကိုလည်း ပိုတိကျတယ်လို့ CDM ဗိုလ်ကြီး ဇင်ယော်က ပြောပါတယ်။
“လက်နက်ကြီးတွေကလည်း ဒီအချိန် ထုတ်မသုံးရင် ဘယ်အချိန်ထုတ်သုံးမလဲပေါ့။ လက်နက်ကြီး ပစ်အားနဲ့ စစ် ကစားပြီးတော့ အောက်ခြေတပ်ဖွဲ့ဝင်တွေ မပင်ပန်းအောင် တိုက်မယ့် နည်းဗျူဟာလို့ မြင်တယ်။ ရထားတဲ့ ဗုံးသီးတွေက သက်တမ်းကုန်ရက် ရှိတယ်လေ။ စစ်ကောင်စီဆီက ရထားတာတွေနဲ့ ပြန်တိုက်ပြီး လူအင်အားကို ချွေတာတဲ့သဘောဖြစ်ပါတယ်”သူက ပြောပါတယ်။
စစ်တွေဒေသခံတွေအပြောအရ ဖေဖော်ဝါရီ ၈ ရက်နဲ့ ၉ ရက် ပစ်ခတ်မှုတွေကပြင်းထန်ခဲ့တယ်လို့ ဆိုပါတယ်။
စစ်တွေမြို့နယ်ထဲမှာ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ဒကစ)၊ အမှတ် ၂၀ နဲ့ ၂၃၂ ခြေလျင်တပ်ရင်းတွေ၊ အမှတ် ၉၀၈ စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်းနဲ့ ရဲတပ်ရင်းတွေအပါအဝင် တပ်ရင်း ၂၀ ကျော်ရှိပါတယ်။
စစ်တွေမြို့ နယ်ထဲက စစ်ကောင်စီတပ်ရင်းတွေ ဖြစ်တဲ့ အမှတ် ၂၃၂ ၊ ခြေလျင်တပ်ရင်းနဲ့ အမှတ် ၃၆ ရဲတပ်ရင်းနေရာကို အေအေက လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့ပါတယ်။
စစ်ကောင်စီရဲ့ အမှတ် ၂၀ ခြေလျင်တပ်ရင်းကနေလည်း ရသေ့တောင်နဲ့ ပုဏ္ဏားကျွန်းမြို့နယ်တွေဘက်ကို ပြန်ပစ်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
စစ်တွေမြို့မှာ စစ်ကောင်စီ ဘယ်လိုခံစစ်ပြင်ထားလဲ
စစ်ကောင်စီ စစ်တွေမြို့ကို ခံစစ်ပြင်ထားတာ ရခိုင်ပြည်နယ်ကို အာရက္ခတပ်တော်(အေအေ)ထိုးစစ်စတဲ့ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာကတည်းက ဖြစ်ပါတယ်။ အဲဒီကတည်းကမြို့လုံခြုံရေးကို ပိုပြီးတင်းတင်းကျပ်ကျပ် လုပ်ထားတာလို့ ဒေသခံတွေက ပြောပါတယ်။
“စစ်တွေမြို့ခံတွေကို ခေါ်ပြီး အစည်းအဝေး လုပ်ကြတယ်။ တိုက်ပွဲဖြစ်လာခဲ့ရင် အခိုင်အမာ ဆောက်ထားတဲ့အိမ်တွေမှာ သူတို့ စနိုက်ပါတပ်ဖွဲ့ဝင်တွေ ဝင်နေမယ်၊ ဒါကိုပိုင်ရှင်တွေအနေနဲ့ ခွင့်ပြုရမယ်ဆိုပြီး ပြောထားတာရှိတယ်” လို့ စစ်ကောင်စီတပ်တွေရဲ့ စစ်ရေးကြိုတင်ပြင်ဆင်တာတွေကို စစ်တွေမြို့ခံတစ်ယောက်က ပြောပါတယ်။
အဲဒီနောက်မှာ ၂၀၂၄ ခုနှစ် ဇွန်မှာ ဗျိုင်းဖြူရွာသား ဆယ်ချီသေဆုံးတဲ့ စစ်တပ်ရဲ့ စီးနင်းရှာဖွေတာတွေနောက်ပိုင်းမှာ စစ်ကောင်စီက ပင်လယ်ကမ်းရိုးတန်း တလျှောက်မှာရှိတဲ့ ရခိုင်ကျေးရွာပေါင်း ၂၀ က ဒေသခံတွေကို စစ်တွေမြို့ပေါ်ကို ရွှေ့ပြောင်းခိုင်းခဲ့ပါတယ်။
“အေအေက ရွာတွေမှာ ဝင်နေပြီး အင်အားစုမှာ စိုးတာရယ်၊ အဲဒီရွာတွေမှာ သူတို့ တပ်ဖွဲ့တွေ ဖြန့်ကြက်ဖို့ ရယ်အတွက် ရွှေ့ခိုင်းတာ။ ရွှေ့ခိုင်းတာက ရခိုင်ရွာတွေပဲ။ မွတ်ဆလင်ရွာတွေ မပါဘူး”လို့ ပြောပါတယ်။
မြို့ပေါ်ကို ရွှေ့ပြောင်းခံရတဲ့ ဒေသခံတွေအတွက် နေထိုင်ဖို့ ပြင်ဆင်ပေးတာ မရှိဘဲ ဘုန်းကြီးကျောင်းတွေမှာ နေကြပြီး ကိုယ့် စရိတ်နဲ့ကိုယ် အဆင်ပြေသလို ဖြေရှင်းကြရပါတယ်။
ရေတပ် အင်အားဖြည့်တင်းတာတွေကိုလည်း အရင်က ဒေသခံတွေသိကြရပေမဲ့ အခုလိုမျိုး ရေတပ်နားက ရွာတွေပါ ရွှေ့ပြောင်းခံလိုက်ရတဲ့အခါမှာတော့ ဘယ်လောက်ထိ အင်အားဖြည့်တင်းနေတယ်ဆိုတာကို မသိကြရတော့ပါဘူး။
ဒီလိုစစ်တပ်ရဲ့ ပြင်ဆင်လုပ်ဆောင်မှုတွေက စစ်တွေကို အေအေတပ်တွေ ရောက်မလာရေးဖြစ်တယ်ဆိုတာမြင်သာပါတယ်။
စစ်တွေက ဘယ်လောက်ထိ အရေးပါလဲ
ကုလားတန်မြစ်ဝမှာ ရှိတဲ့ စစ်တွေမြို့နယ်ဟာ စစ်တွေဆိပ်ကမ်း၊ ရွှေမင်းဂံဆိပ်ကမ်း၊ ဆတ်ရိုးကျ ဆိပ်ကမ်းတွေကနေ ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦးတို့ဘက်ကို ရေကြောင်းခရီးသွားလာလို့ရပါတယ်။
ဒါပေမဲ့လည်း အဲဒီနယ်တွေကို အေအေက ထိန်းချုပ်ထားလိုက်ပြီဖြစ်လို့ စစ်ရေးအခြေအနေတွေအရ သွားလာဖို့ အကန့်အသတ် ရှိနေပါတယ်။
အိန္ဒိယနိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့ ကုလားတန်မြစ် စီမံကိန်းကလည်း စစ်တွေမြို့မှာ ရှိနေတာကြောင့် နိုင်ငံတကာနဲ့ပါ ချိတ်ဆက်ထားနိုင်တာဖြစ်ပါတယ်။
စစ်တွေမြို့နယ်မှာ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံကြား ကုန်သွယ်ထားတဲ့ နယ်စပ်ကုန်သွယ်ရေးစခန်းလည်း ရှိနေပါတယ်။
ရခိုင်ပြည်နယ်ထဲ အေအေနဲ့ စစ်တပ်တို့ တိုက်ပွဲပြန်ဖြစ်တဲ့ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်မတိုင်ခင်အထိ ဆိုရင် အဲဒီကုန်သွယ်ရေးစခန်းကနေ စစ်ကောင်စီဟာ အမေရိကန်ဒေါ်လာသိန်းနဲ့ချီတဲ့ ကုန်သွယ်မှုတွေကို အပတ်စဥ်ပြုလုပ်နိုင်ခဲ့တာကို အကောက်ခွန်စာရင်းတွေမှာ မြင်တွေ့ရပါတယ်။
ဒီစာရင်းတွေကိုကြည့်ရင် စစ်တွေနယ်စပ်ဆိပ်ကမ်းကနေ နှစ်တိုင်း ဒေါ်လာသန်းပေါင်းများစွာကို စစ်ကောင်စီက ရရှိနေခဲ့တာကို တွေ့ရပါတယ်။
လေဆိပ်ရှိတဲ့ စစ်တွေကို လေကြောင်းခရီးအတွက်အားပြုသုံးကြပေမဲ့ အေအေက ရခိုင်ထဲကမြို့အများစုကို သိမ်းပိုက်လိုက်ချိန်မှာ လေကြောင်းခရီးတွေက အကန့်အသတ်တွေရှိနေပြီး စစ်တွေ- ရန်ကုန်- ကျောက်ဖြူ ကိုသာသွားလို့ရတဲ့အခြေအနေဖြစ်ပါတယ်။
ကုန်လမ်းကဆိုရင် ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ အမ်းတို့ကနေတဆင့် ရန်ကုန်ကို သွားလို့ရပေမဲ့ အေအေက လမ်းကြောင်းတွေ ပိတ်ဆို့ထားပြီဖြစ်ပါတယ်။
စစ်တွေမြို့မှာ တရုတ်၊ အိန္ဒိယ အပါအဝင် ပြည်ပရင်းနှီးမြှုပ်နှံထားတဲ့ စီမံကိန်းတွေ ရှိနေသလို ပင်လယ်ထွက်ပေါက်မြို့လည်း ဖြစ်ပါတယ်။
ဒါ့ကြောင့် စစ်ကောင်စီကလည်း စစ်တွေကို စီးပွားရေးအရသာမက စစ်တပ်ရဲ့ ဂုဏ်သိက္ခာအတွက် စစ်တွေကို လက်မလွှတ်ရရေး ပြင်းပြင်းထန်ထန် ခုခံဖို့ ပြင်ဆင်ထားတာ ဖြစ်တယ်လို့ စစ်ရေးအကဲခတ်တချို့က ပြောပါတယ်။
ဒါပေမဲ့လည်း နိုင်ငံတကာစီမံကိန်းတွေဟာ စစ်တွေဆိပ်ကမ်းမှာပဲရှိနေပြီး ဒီစီမံကိန်းတွေအရေး ထည့်ထွက်တာကြောင့် စစ်ဇုန်ဟာ မြို့ထဲအထိ မရောက်လာနိုင်ဘူးလို့ တွက်ချက်မှုတွေလည်းရှိပါတယ်။
လက်ရှိမှာ ရခိုင်ပြည်နယ်ထဲ စစ်တပ်က စစ်တွေ၊ မာန်အောင်နဲ့ ရမ်းဗြဲ သုံးမြို့နယ်ကိုပဲ ထိန်းထားနိုင်တော့တဲ့အခြေအနေမှာ အေအေကလည်း ပြည်နယ်ထဲက နိုင်ငံတကာစီမံကိန်းတွေအရေး ပူးပေါင်း ဆောင်ရွက်လိုတဲ့အကြောင်း နိုင်ငံတကာရင်းနှီးမြှုပ်နှံသူတွေကို စာထုတ် အသိပေးထားပါတယ်။
ဒါကြောင့် ပြည်ပရင်းနှီးမြှုပ်နှံထားတဲ့ စီမံကိန်းတွေကိုလည်း မထိခိုက်အောင် အေအေက စီမံခန့်ခွဲမယ့် သဘောရှိတယ်လို့ နားလည်ရပါတယ်။
ဒါပေမဲ့ အေအေ စစ်ရေးအရင်းအမြစ်ကတော့ စစ်ကောင်စီတပ်တွေရဲ့ ခံစစ်အားကောင်းတဲ့ စစ်တွေမြို့ ကို အေအေက ထိုးစစ်ဆင်ခဲ့မယ်ဆိုရင်တော့ တခြားမြို့သိမ်းတိုက်ပွဲတွေထက် ပိုပြင်းထန်နိုင်တယ်လို့ ယူဆသုံးသပ်ပါတယ်။
https://www.bbc.com/burmese/articles/c23ny57jvj3o
Post Comment