AA ၏ ထိုးစစ်က ငသိုင်းချောင်းနှင့် သာပေါင်းမြို့နယ်အတွင်းအထိ ရောက်ရှိ

Arakan Army

AA ၏ ထိုးစစ်က ငသိုင်းချောင်းနှင့် သာပေါင်းမြို့နယ်အတွင်းအထိ ရောက်ရှိ

အာရက္ခတပ်တော် AA ၏ ထိုးစစ်က ဧရာ၀တီတိုင်း၊ ငသိုင်းချောင်းမြို့နယ်နှင့် သာပေါင်းမြို့နယ်အတွင်းအထိ ရောက်ရှိနေပြီး အမြောက်တပ် ၃၄၄ အနီးတွင် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိကြောင်း စစ်ရေးသတင်းရင်းမြစ်နှင့် ဒေသပြည်သူတို့ထံမှ သိရှိရသည်။

လွန်ခဲ့သော ရက်ပိုင်းအတွင်း ငသိုင်းချောင်းမြို့နယ်၊ မြောက်စမ်းကျေးရွာအနီး အမှတ် ၃၄၄ အမြောက်တပ်ဝန်းကျင်တွင် တိုက်ပွဲများဖြစ်ပွားနေခြင်းဖြစ်ပြီး ငသိုင်းချောင်းမြို့နှင့် ၂၀ ဝန်းကျင် ကွာဝေးကြောင်း၊ ယမန်နေ့တွင်လည်း တိုက်ပွဲများ ပြင်းထန်ခဲ့ကြောင်း သိရှိရသည်။

“ရခိုင်ဘက်က လာရင် လမ်းကြောက အမှတ် ၃၄၄ အမြောက်တပ် ပြီးရင် မြောက်စမ်းကျေးရွာရှိတယ်။ တိုက်ပွဲတွေ ဖြစ်နေတာတော့ အမှတ် ၃၄၄ အမြောက်တပ်ရင်းပတ်ဝန်းကျင်လို့တော့ သတင်းကြားရတယ်။ သတင်းပဲကြားတာ။ အသေအချာကျနော်တို့ မသိရဘူး။ မြို့နဲ့ကတော့ မိုင် ၂၀ လောက်ဝေးတော့ ဘာတွေဖြစ်လဲဆိုတာမျိုးတော့ အတိအကျ သတင်းမရပါဘူး။ မြို့ပေါ်မှာတော့ လှုပ်လှုပ်ပေါ့။ ပြေးရမှာလား၊ ဆက်နေရမလား ဝေခွဲမရ စိုးရိမ်နေကြတာ” ဟု ငသိုင်းချောင်းမြို့ခံ တစ်ဦးက ဆိုသည်။

ရခိုင်ဒေသအခြေပြု သတင်းမီဒီယာများအစုတွင်မူ ငသိုင်းချောင်းမြို့နယ်၊ အမှတ် ၃၄၄ အမြောက်တပ်ရင်းကို AA တပ်များက တိုက်ခိုက်နေကြောင်း သတင်းများ ဆက်တိုက်ဖော်ပြလျက်ရှိသည်။
ရန်ကုန်ခေတ်သစ်၏ တပ်သတင်းရင်းမြစ်ကမူ ဧရာ၀တီတိုင်း၊ သာပေါင်းမြို့နယ်အတွင်းတွင် AA နှင့် PDF ပူးပေါင်းတပ်များ ရောက် ရှိနေပြီး ယင်းနေရာများကို နယ်မြေရှင်းလင်းရေး လုပ်ရန် ပုသိမ်မြို့ အခြေစိုက် အနောက်တောင်တိုင်းစစ်ဌာနချုပ်က ပြင်ဆင်လျက်ရှိကြောင်း ပြောဆိုသည်။

“သာပေါင်းဘက်တော့ စစ်ဆင်ရေး နယ်မြေရှင်းလင်းရေး လွှတ်ဖို့ နတခမှာ လုပ်နေတာရှိပါတယ်။ ငသိုင်းချောင်းဘက်ကတော့ တိုက်ပွဲ အသေးစိတ် ဘာမှ မသိရသေးဘူး။ သာပေါင်းဘက်ကိုတော့ စစ်ဆင်ရေး လွှတ်မယ့် စစ်ကြောင်းတွေက နတခနဲ့ ရန်ကုန်က တပ်တချို့ ပူးပေါင်းလွှတ်မှာလို့ သိရတယ်။ သာပေါင်းဘက်မှာရှိတဲ့ စက္ကူစက်ရုံကြီးအတွက်လည်း လုံခြုံရေး ထပ်ပေါင်း တပ်တွေ လွှတ်ဖို့ရှိဦးမယ်” ဟု ရန်ကုန်ခေတ်သစ်၏ စစ်ရေး သတင်းရင်းမြစ်က ဆိုသည်။

အာရက္ခတပ်တော် AA ပူးပေါင်းတပ်ဖွဲ့က ရခိုင် ဂွမြို့နှင့်ထိစပ်နေသည့် ဧရာဝတီတိုင်းထဲက မကျီးဇင်နှင့် ဘောမိဒေသတို့ကို သိမ်းပိုက်ထားပြီး ငသိုင်းချောင်း၊ ရေကြည်နှင့် သာပေါင်းမြို့နယ်ဘက်တွင် ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်ကြောင်း သိရှိရသည်။

Original Posr: Khit Thit Media

Post Comment